
အမေ
အမေ့အေးရိပ်မှာ ခိုလှုံနေတဲ့အချိန်တုန်းက
အမေ့ရင်ခွင်ဟာ အရာရာထက်ပိုပြီးလုံခြုံတယ်ဆိုတာ
မသိခဲ့ဘူးအမေ
ဘ၀လမ်းကို ဖြတ်သန်းကြည့်လို့
အဆင်မပြေတာတွေ အခက်အခဲတွေ ဒုက္ခဆိုတာတွေနဲ့
ကိုယ်တိုင်တွေ့ရမှပဲ
အမေ့အိမ်ကို လွမ်းမိတယ်အမေရယ်.........
အမောတွေေ့ပြပြီး အင်အားသစ်တွေရဖို့အတွက်
အမေ့ဆီကိုပြန်လာခဲ့ပါဦးမယ်
အမေ့အတွက်သားချစ်သူကိုပေးခဲတဲ့ဂရုစိုက်မူတွေအမေကိုပေးချင်တယ်
အမေ့ကျေးဇူးကိုသတိရတယ်။
အမေ့ဂုဏ်ရည်
အမေရယ်
အဲဒီလို
လွတ်လပ်စွာ လှောင်ပိတ်မိချိန်မျိုးမှာ
ကျွန်တော် ခပ်တိုးတိုးလေး ရေရွတ်မိသမျှ
အမေ့ကို သတိရတဲ့အကြောင်း
မျက်ရည်တွေနဲ့ စာလုံးပေါင်းပြမယ်
ကျွန်တော့်ရှေ့က ကွန်ပျူတာဖန်သားပြင်ဟာ
တစ်ကမ္ဘာလုံးကို အပေါ်စီးက ကြည့်နိုင်ပေမယ့်
အမေ့အိမ် မပါနိုင်ခဲ့တာ သား ရင်နာတယ်
အမေရယ်
အင်တာနက်ဆိုပေမယ့်
အမေ့လို မကြင်နာတတ်ဘူး
ကျွန်တော်ကတော့ ကူးလို့ခတ်လို့
ရောက်လိုရောက်ငြား
အိပ်မက်ချိုခါးတွေ တပွေ့တပိုက်နဲ့ပေါ့ အမေ
ပထမဆုံး လှေကားတစ်ထစ်အတွက်
သုံးနှစ်တိတိ ဖြတ်ရမတဲ့
ကျွန်တော့်ရင်ထဲက ငိုမဲ့မဲ့မျက်နှာဟာ
အမေ့ကို တမ်းတနေပါတယ်
ကျွန်တော် အကြိမ်ကြိမ်ခူးစားခဲ့ပေမယ့်
အရသာမခံစားတတ်ခဲ့မိတာ ခွင့်လွှတ်ပါ အမေ
အခုအချိန်ဆို
ဘယ်လိုပဲ ဝေေ၀
ကျွန်တော် အမေ့အနား နေခွင့်မရတော့ဘူး
အမေ့ဆီကစာ အကြိမ်ကြိမ်ဖတ်ရင်း
အမေ့ကို ပြင်းပြင်းရှရှရှူသွင်း
(ဒီလိုနဲ့ပဲ ... )
ကျွန်တော့် အဆုတ်ဟာ သန့်ရှင်းခဲ့ပေါ့ အမေ
တစ်ခါတစ်ခါ
ကျွန်တော်က သီချင်းဆို
ဂစ်တာက ငိုနဲ့
ကောင်းကင်တစ်ခုလုံး ပြိုကျမတတ် မှိုင်းညှို့
အမေရယ်
အလွမ်းတွေ ပျို့ပြီး သားအန်ခဲ့မိတာ
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရှိခဲ့ပါပြီလဲ
အမေ
အမေ
အမေ
အခါခါခေါ်နေမိဆဲ
မိုးကလည်း မစဲသေး.. ။ ။
{ မောင်သံခဲ }
အမေ့လက်ရာ
နံနက်မိုးသောက်
အလင်းရောက်တော့
အိပ်ရာကထအိမ်ရှေ့ ထွက်လာ
ပဲပြုပ်ဆိုတာအော်လာပါရောလား။
အမေပြင်ပေး
ထမင်းကြမ်းနဲ့
ပဲပြုပ်ဆီဆမ်းလေးကိုလည်း
လွမ်းလိုက်ရတာယနေ့ထိပါ။
နေ့လည်ရောက်တော့
အမေဈေးမှဝယ်ခြမ်းပြန်လာ
ချက်ပြုပ်ကာနှင့် ငပိ တို့စရာ
ဟင်းလျားအစုံ သမီးအကြိုက်
ပြင်ဆင်လို့ပေါ့......။
ညနေခင်းရောက်
လုစုံထမင်းဝိုင်း
စားလိုက်ကြတာ
အမေ့လက်ရာ
ကုန်ပါရော့လား။
ညချမ်းကြတော့
လက်ဖက် ရေနွေး
အစုံလေးနဲ့
ထွေရာလေးပါ
စကားဝိုင်းမှာ
အမေ့ပြောစကားအခွန်းမှာတော့
သမီးကြီးရယ်.......စံပယ်လေးရယ်
မေမေချစ်တယ်။
လွမ်းဆွတ် သတိရဆဲပါ အမေ
ရာသီ အလီလီပြောင်းခဲ့လည်း
မနေ့တစ်နေ့ကလိုပဲ အမေ
အမေ ထွက်သွားတဲ့ရက်
အိပ်မက်တစ်ခုလို ထင်မှား
အမေ့ ပုံရိပ်တွေ ရှင်သန်နေဆဲပါ။
မြို့ပြတစ်ခုရဲ့ရင်ခွင် သားဝင်ကာနားခို
အမေ့ရွာလောက် မပျော်ဘူး။
မိုးမျှော်တိုက်တွေက ခိုင်ခံ့
အမေ့တဲအိုလောက် မလုံခြုံဘူး။
ပီဇာတွေ၊ ဘာဂါတွေစား
အမေ့ ထမင်းကြမ်းလောက် မမြိန်ဘူး။
မြို့ပြတွေရဲ့ နေရောင်ခြည်
အမေ့ ရင်ခွင်လောက် မနွေးထွေးဘူး။
နီယွန်မီးတွေ ထိန်လင်း
လမ်းပြကြယ်တွေ ဘယ်နှစှ်စင်းလင်းလဲ
အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့
အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ။
"ဘယ်တော့မှ မငိုနဲ့ ".....တဲ့
အမေ့ရဲ့ နောက်ဆုံးစကားတစ်ခွန်း
သားအတွက် ခွန်အားဖြစ်လို့
ကျလုလုမျက်ရည်တွေ မျိုသိပ်
လောကဓံရဲ့ မုန်တိုင်းကြား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘ၀လှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။
ဘ၀မှာ အမေသာ စံပြ
အမေ့ကို နမူနာယူလို့
အမေတူသမီး ပီသစွာနဲ့
ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာ
အံကြိတ်လို့ ဟန်ချက်ညီညီ ကရင်း
အမေ့ကို လွမ်းဆွတ် သတိရဆဲပါ အမေ။
(ကဗျာနာမည်မသိပါ ကဗျာ ခေါင်းစဉ်မသိပါ ဘယ်သူရေးလဲမသိပါ
သူငယ်ချင်းတစ်ယောက်ပို့ပေးတာဖြစ်ပါသည်)
တိုးအေးပေါ်မှအိုမိခင်
မမျှော်မလင့်ကြိုသင့်သို့
ရင်နင်ဖွယ်ရာသည်ဆတ်ခါမျှ
ကြမ္မာကဆိုးလွမ်းဇာတ်ပျိုးသည်
တိုးအေးနစ်သောထိုတစ်နေ့
ထိုနေ့မှသည်ညညနေ့နေ့
မြင်တွေ့မကောင်းသည်မြစ်ကြောင်းမှာ
အလောင်းထပ်မျှမြင်နေရခဲ့။
နွေရက်လျား၍
ဆယ့်ငါးရက်မြောက်ခါချိန်ရောက်မှ
ေ၇အောက်ပဖော်တိုးအေးပေါ်ဝယ်
ညိုလျော်ကြေကွဲမိခင်ဇွဲကို
အသည်းနင်ဖွယ်တွေ့ရသည်။
အရိုးစုမျှကြွင်းသော်မှပင်
ချစ်လှရင်သွေးသူ့ကလေးအား
ထွေးဆဲပိုက်ဆဲ့ယုယဆဲဟု
သဲသဲမဲမဲပြနေသူ။
ရေစီကလှုပ် လှိုင်ကပုတ်၍
စုပ်သည့်ရေမွာ စားသည့်ရေပို
အကြောင်းဆိုးလည်း
တိုးကာထပ်ကာမေ့သည်းချာအား
မကွာမကွဲ ပိုက်ပွေ့ဆဲ။
အို...မိခင်..........
သင် ဘေးကင်းရာ
ကူးခပ်၍လွတ်ရာအဝေး
ပြေးနိုင်ပါလျက် မပြေးရက်၍
အသက်စတေး လိုက်ရောလား..။
အို....မိခင်....ကိုယ်လျှင်မချိ
အမိသော်လည်းသားတော်ခဲဟု
စွဲလာဆိုထုံးစအားလုံးကို
ချေမှုန်းတော်လှန်လိုက်ရောသား..။
အို.....မိခင်......
သင်နှင့်အတူသင့်သည်းအူနှယ်
ရည်တူပြည့်သိပ်မိခင်စိတ်ဖြင့်
ယိုဖိတ်မေတ္တာစေတနာကို
ခါခါ ဦးညွှတ်လိုက်ပါ၏။
(သမိန်သောင်း)
ထာဝရမိခင်
ပေးဆပ်ခြင်းဆိုတာ
ထာဝရဆုပ်ကိုင်ထားပြီး
ရယူခြင်းဆိုတာ
အရှင်းမရှိတဲ့ အမေ.....။
ထာဝရမေတ္တာပေး
သားသမီးတွေရှေ့ရေး
အမှားမဖြစ်ရလေအောင်
ငယ်စဉ်ကတည်းက
သွန်သင်ဆုံးမခဲ့တဲ့ အမေ....။
ရင်ထဲမှာ တိုးတိုးတိတ်တိတ်နဲ.
သားသမီးတွေလိုအပ်ချက်ကို
ဖြည့်ဆည်းပေးတဲ့
အမေ့မေတ္တာကို
ဘယ်အရာနဲ. နှိုင်းလို.ရမလဲ
ရင်ဝယ်အစဉ် ဘယ်တော့မမေ့
အမေ့အချစ်
မွေးသမိခင်ကို ထာဝစဉ်ဦးတိုက်လျှက်ပါ.....။
အဝေးရောက်လိပ်ပြာ
...အမေ...
လွမ်းလိုက်တာလို့
တမ်းတလိုက်ရင်ဖြစ်
ရင်မှာမချိပါဘူး
ဖြေစရာလည်းနတ္ထိပါ..အမေ။
အဖေဆိုပြန်တော့လည်း
သေရွာပြန်တာတောင်မသိလိုက်ပါဘူး
ဆိုးလိုက်တဲ့အဖြစ်ရယ်က
ပြောစမတ်ဖြစ်စရာပေါ့။
ကံကြမ္မာရိုက်နှက်ချက်တွေက
ဒီရင်မှာဗလောင်ဆူ
နှောင်းမှရတဲ့နောင်တတွေနဲ့
ငါ..လူးလိမ့်အောင်
ခံစားရပါတယ်။
ပြန်လမ်းကိုရှာပြန်တော့လည်း
လမ်းစကမရ
နှိုင်းပြရရင်ဖြစ်
သားစားကြူးဘီးလူးတွေက
တန်းစီကာစောင့်ကြပ်
ခေါင်းပုံဖြတ်မယ်တကဲကဲနဲ့
...အမေရယ်...
သားမရောက်တောင်မှ
သားရဲ့ဝိညာဉ်လိပ်ပြာလေး
သားချစ်တဲ့အမေ့ဆီ
အရောက်လှမ်းခဲ့ပါမယ်.........အမေ။
အဝေးတစ်နေရာမှ.....လတ်
မေမေ့သို့တမ်းတခြင်း
သားအခုတော့ဖျားနာနေပြီ
အမည်မသိတဲ့လမ်းတွေပေါ်မှာ
ပြန်တမ်းမဲ့ရက်စွဲတွေကိုဖြတ်သန်းရင်း
ဒီညနေတော့ အမေ့ဆီက
ဆန်ပြုပ်ပူပူ မရနိုင်ဘူးလို့
သားတွေးမိတယ်…
မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတဲ့
လမ်းမရဲ့ဘေးတစ်ဖက်မှာ
သားရပ်နေတယ်အမေ…
ဘယ်ကိုထွက်ပြေးရမှန်းမသိလို့
မက်တပ်ရပ်အငေးတွေထဲ
အခု
ခန္ဒာကိုယ်အပူချိန်(၁၀၃)
ချောင်းအနည်းငယ်ဆိုးနေတယ်
အသက်က(၂၆)
သားနဖူးပြင်ကိုစမ်းပြီး
ရွှေမန်းတောင်နဲ့ရေနွေးကြမ်းပူပူတစ်ခွက်
ချွေးထွက်အောင်သောက်လိုက်လို့
အမေပြုံးပြီးပြောမယ့်စကားသံကို
ကျွန်တော်ပြန်ကြားယောင်နေမိတယ်
ဖိနပ်သဲကြိုးက ပြတ်လုပြတ်ခင်
အမေဝယ်ပေးထားတဲ့ တီရှပ်ကလည်း
အခုတော့ နွမ်းနွမ်းဖတ်ဖတ်….
ကျွန်တော်လိုချင်လွန်းလှချည့်ဆိုလို့
အမေ့ဆေးဖိုးဝါးခထဲက
ကျွန်တော်မသိအောင်ဝယ်ပြီး
အ၀တ်သေတ္တာထဲထည့်ပေးခဲ့တယ်
ဂျင်းပင်အပြာလေးလေ
အခုတော့အရောင်တွေလွင့်လို့
အနားတွေဖွာလန်ကျဲလို့…..
မလိုအပ်ပဲဇာတ်နာခဲ့ရအောင်
ကျွန်တော် မတန်တဆကြီးကိုပဲ
မာနကြီးခဲ့မိတယ်
မလိုလားအပ်ပဲ
အလွန်အမင်းကိုမိုက်မဲခဲ့တာပဲ
ကဗျာ…..ကဗျာ
အနုပညာ……အနုပညာ
ဆိုပြီး
ဘာကိုမှလည်း ဟုတ်တိပတ်တိမရခဲ့ပါဘူး…..
အခုလမ်းပေါ်မှာတွေဝေနေတဲ့
အမေ့သားလေ….
အမေပေးတဲ့အသက်
အမေပေးတဲ့အင်္ကျီ
အမေပေးတဲ့ဘောင်းဘီနဲ့
အမေပေးတဲ့ဖိနပ်ကိုစီးပြီး
အမေ့ဆီက ညနေစာတစ်နပ်ကို
တောင်းစားဖို့
အကြီးအကျယ်ရှက်ရွံ့နေသတဲ့….
ရှက်လည်းရှက်သင့်ပါတယ်လေ
တမြန်နေ့မနက်က
အစ်မအကြီးဆုံးနဲ့လမ်းမှာတွေ့ရင်း
(၁၀) လပိုင်းထဲမှာ အမေ့မွေးနေ့ရှိတယ်
အမေကနင့်ကိုတွေ့ချင်လို့
အိမ်ကိုလာခဲ့ဦးတဲ့….
အမေ့မွေးနေ့တဲ့
ဘယ်နှကြိမ်မြောက်လည်း
ဘယ်နေ့လဲ….
ကျွန်တော်အပြင်းအထန်ဝေခွဲတာတောင်မရဘူး
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကအတိုင်း
အမေ့ချွှေးခံဘော်လီထဲက
ထွက်ကျလာတဲ့ငွေစကြေးစကို
ကျွန်တော်မျက်စောင်းထိုးနေရတုန်း
အမေရေ
ကျွန်တော်လေ
ချစ်သောဖေဖော်ဝါရီရဲ့မွေးနေ့ကိုမမေ့ခဲ့ဘူး
ပြီးတော့
အေဗရာဟင်လင်ကွန်း၊ မာတင်လူသာကင်း
မဟ္တမဂန္ဒီ၊ မာသာထရီဇာကနေ
ဗိုလ်ချုပ်အောင်ဆန်းအထိ
ကြည်ညိုလေးမြတ်ရတဲ့
အာဇာနည်တွေရဲ့မွေးနေ့ကိုတောင်
မမေ့ခဲ့ဘူး
ဒီထက်ပိုကြည်ညိုရမယ့်အမေ့မွေးနေ့ကိုတော့
ကျွန်တော်ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ
မမှတ်သားမိတာကို ကျွန်တော်အကြီးအကျယ်
ဝမ်းနည်းခဲ့ရတယ်အမေ….
မိုးစဲတော့
ကျွန်တော်လည်းကပ်ရပ်မှီခိုလို့မယ့်
အမိုးအကာတစ်ခုစီထွက်လာမိတယ်
ကျွန်တော်အိမ်ပြန်မအိပ်ရင်
ညဉ့်နက်တဲ့အထိ…
လမ်းအိုလေးပေါ်မျော်ငေးနေမယ့်
အမေ့ကိုမြင်ယောင်ရင်းလေ….။
မိုးလှိုင်ည
မေမေသိနိုင်ပါစေ
ဆင်းရဲတွင်းထဲက၊ ခုန်ခုန်ထ,ခဲ့မိလို့
မနာလိုသူတွေနဲ့လည်း၊ ခဏခဏ ရန်ဖြစ်တယ်။
ဖြစ်ချင်တာ မဖြစ်မှာစိုးလို့၊ ဟိုတိုး,ဒီဝှေ့နဲ့ ကြိုးပမ်းလာလိုက်တာ
ဆွေမျိုးတွေကိုလည်း၊ မေ့တတ်ပြီ။
အဓိက တရားခံကတော့
ချစ်သူဟောင်းပေါ့... မေမေ။
မေမေရေ...
မေမေ ပေးထားတဲ့.. အဖြူရောင် အင်္ကျီလေး
ကျွန်တော် သိမ်းထားပါသေးတယ်။
အဖြူရောင်က အပေမခံလို့
ညစ်ထေးမှုတွေ အဝေဖန် ခံရဲအောင်
မည်းတဲတဲလေး ဝတ်ထားခဲ့မိတယ်... မေမေ။
မေမေရေ...
ကျွန်တော် သေဆုံးတဲ့အခါ၊
ကျွန်တော့်ရဲ့ အင်္ကျီအဖြူလေး၊
ညီလေးတွေကို ပေး ပေးပါ။
သူတို့ဆီမှာ...
အစွန်းချွတ်ဆေးတော့၊ ရှိကောင်းပါရဲ့။
မေမေရေ...
ကျွန်တော့်ကို၊ လောကကြီးထဲ ရဲရဲဝင့်ဝင့် ပို့ပေးခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ်.. မေမေ
မေမေ့ကို ကျေးဇူးဆပ်ဖို့အတွက်
လောကကြီးထဲက၊ ကျွန်တော့်လို ကောင်တွေကို
စကားပြောနေပါတယ်..မေမေ။
မေမေရေ...
မေမေ သေဆုံးတဲ့အခါကျမှ၊
သား.. လက်မ ထောင်ပြလိုက်ပါရစေ..။
မောင်လှမျိုး (ချင်းချောင်းခြံ)
အမေအကြောင်း
ဇဗ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်၊
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။
ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။
သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား အိမ်မြေကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှူ့ ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေ မဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ ။ ။
အမေ့လက်
မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။
မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။
ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ "အလှ" "အလုပ်"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။
အမေ့အလွမ်းပြေ
ရေခြားမြေခြား တစ်ပါးတိုင်းတွင်
သင်ယူပညာ စေရာတာဝန်
ကျေပွန်စေရာ ကြိုးစားပါလည်း
သည်းခိုက်တုန်မျှ ချမ်းအေးလှသည့်
ညအမှောင်ထဲ မျက်ရည်ဝဲလျှက်
အိပ်ပျက်ညဝယ် ငယ်စဉ်ဘဝ
အညာဒေသ ဆောင်းကာလတွင်
အမေ့ရင်ခွင် ခိုဝင်မှေးစက်
အိပ်ခဲ့ရက်တွေ ပြန်လည်တမ်းတ
လွမ်းနေရတယ် အမေရယ်.....
ရင်းတွင်းစကားလေးပြောခဲ့ပေးပါ
အလွမ်းစာ
မေမေရေ.......................
ဘ၀နေ၀င်ချိန်နီးမှာ...........
သားသမီးတွေအတွက်........
ရတက်မအေး...................
လိမ္မာရေးခြားရှိကြဖို့...........
နာမကျန်းအခါကရေးသား....
မှာတမ်းစာအလှလေးများဟာ
သားတို့သမီးတို့အတွက်.......
အခုတော့.......................
အလွမ်းစာလေးတွေဖြစ်လို့.....
ကျန်ရစ်ခဲ့ပြီ ...မေမေ.........
{ စူးထက်}
ဝက်ဆိုက်များ
- မြန်မာပိုင်အိုးနီးယား
- ၀ိညဉ်သစ်စာကြည့်တိုက်
- အရမ်းကောင်းတဲ့တရားဆိုဒ်လေးပါ
- မြန်မာborn
- YMBA
- photoshop
- ကျွန်တော်အနှစ်သက်ဆုံးဝက်ဆိုက်
- စစ်တက္ကသိုလ်ဓါတ်ပုံများ
- ဆော့ဝဲများသိမ်းထားရန်
- flashသွားတင်မယ်
- downloadချရန်
- တရားတော်တွေလိုချင်လျှင်
- ပို့ဆောင်ရေးဝက်ဆိုက်
- ဓါတ်ပုံစတိုင်များ
- လိုချင်တဲ့ပုံစံလုပ်ပါ
- နိုင်ငံကုဒ်နှင့်ဒေသကုဒ်များ
- ဘလော့တန်းပလိတ်
- အမေသီချင်းများ
- ဆော့ဝဲများသိမ်းထားရန်
မြန်မာ calendar
Error loading feed.
Saturday, May 9, 2009
မေမေ့မှာတမ်း အလွမ်းစာ
3:19 PM | Posted by
ကလောသား |
Edit Post
ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ၊
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့လက်တွေနဲ့ထမင်းဟင်းတွေအင်္ကျီအပေါ် ဖိတ်စင်သွားတဲ့အခါအကျီင်္၊လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက
ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ၊
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်
နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို
မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲံ
ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက
`ဘာကြောင့်ဆိုတဲ့´ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို
သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်
လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ၊
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနှင့်
နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို
အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ
အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။အော်မင်းတို့လည်း ဘ၀နိဂုံး ကျရင်ငါ့လိုပဲပြောကြမှာပါလား
.........**.........
Labels:
mother order
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment